keyboard_arrow_up

ဆေးလက်မှတ်ခွင့်

expand_circle_right

အဓိပ္ပါယ်ဖွင့်ဆိုချက်

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၂။(ဇ)ဆေးလက်မှတ်ခွင့်ရက် ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။

တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ် ရနိုင်ခွင့်ရှိခြင်းနှင့် အနည်းဆုံးလုပ်သက် ခြောက်လမပြည့်လျှင် လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၆။(၁)အလုပ်သမားသည် သက်ဆိုင်ရာရာ အခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ၊ တစ်နှစ်လျှင် ရက်ပေါင်းသုံးဆယ်ထက် မပိုသော ကာလအပိုင်းအခြားအတွက် ဆက်လက်မှတ်ခွင့်ရက်ကို ရနိုင်ခွင့်ရှိစေရမည်။

ခြွင်းချက် - သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့သေးသမျှ ဆေးလက်မှတ်ခွင့်ရက်ကို ရထိုက်ခွင့်မရှိစေရ။ သို့ရာတွင် အလုပ်သမားသည် အနည်းဆုံးခြောက်လပြည့်အောင် အလုပ်မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ် လစာမရှိခွင့်ရက်ကို ရထိုက်ခွင့်ရှိစေရမည်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၃။လူမှုဖူလုံရေးအာမခံ အလုပ်သမားမဟုတ်သော လုပ်သက်ခြောက်လ မပြည့်သေးသည့် အလုပ်သမားသည် လစာမရှိဆေးလက်မှတ်ခွင့်ရက်ကို တောင်းခံနိုင်သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်
၇။(ဂ)(၃)ဆေးခွင့် - လုပ်သက် (၆) လပြည့်ပြီးသူသည် အခြေခံလစာဖြင့် တစ်နှစ်လျှင် ဆေးခွင့်ရက်ပေါင်း (၃၀) ခံစားခွင့်ရှိသည်။ သို့ရာတွင် အနည်းဆုံး လုပ်သက် (၆) လပြည့်အောင် မလုပ်ခဲ့ရသေးလျှင် ဆေးလက်မှတ်ခွင့်ကို လစာမရှိခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။ လူမှုဖူလုံရေး ဥပဒေအရ အကျုံးဝင်အာမခံအလုပ်သမားဖြစ်ပါက ယင်းဥပဒေပါ ခံစားခွင့်အတိုင်း ခံစားခွင့်ရှိသည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၃။(က)မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်ကို မကျန်းမာမှု စတင်ဖြစ်သည့်နေ့ မတိုင်မီ အနည်းဆုံးခြောက်လမှစတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါ ခြောက်လမှစတင်၍ လုပ်ငန်းဌာနတွင် လုပ်ကိုင်ခဲ့ပြီး အဆိုပါခြောက်လအတွင်း အနည်းဆုံးလေးလအတွက် ထည့်ဝင်ကြေးငွေ ပေးသွင်းပြီးမှသာ မကျန်းမာမှုနှင့်ဆိုင်သည့် အကျိုးခံစားခွင့်ရှိသည်။

သွေးလှူခြင်းအတွက် ဆေးလက်မှတ်ခွင့်ရက် ၂ ရက်ပေးရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၂။မည်သည့်အလုပ်သမားမဆို သွေးလှူကြောင်း ခိုင်လုံသည့်အထောက်အထားဖြင့် တင်ပြလာပါက သွေးလှူသည့်နေ့ရက်နှင့် နောက်တစ်ရက်ကို ဆေးလက်မှတ်ခွင့်ရက်အဖြစ် ခံစားခွင့်ရှိသည်။

မည်သည့်ဆရာဝန်ထံမှ ဆေးလက်မှတ်ဖြင့် ဆေးလက်မှတ်ခွင့် ပေးရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၆။(၂)အလုပ်ဆိုင်ရာ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ သို့တည်းမဟုတ် အလုပ်ဌာနဆိုင်ရာ ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အလုပ်ဌာနက သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်းဌာနက သို့တည်းမဟုတ် အလုပ်ဌာနက သဘောတူသည့် ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ အစိုးရအမှုထမ်းများဖြစ်လျှင် အစိုးရဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင်ဆရာဝန်ထံမှသော်လည်းကောင်း၊ မီးရထားအလုပ်သမားဖြစ်လျှင် မီးရထားဘက်ဆိုင်ရာ ဆရာဝန်ထံမှသော်လည်းကောင်း၊ ထိုသို့မရှိလျှင် အခြားမှတ်ပုံတင် ဆရာဝန်ထံမှသော်လည်းကောင်း၊ ဆေးလက်မှတ်တင်ပြလျှင် ထိုဆေးလက်မှတ်ဖြင့် ခွင့်ရက်ကို ပေးရမည်။

ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာ အခကြေးငွေ တွက်ချက်ခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၅။ဆေးလက်မှတ်ခွင့်ရက်အတွက် သက်ဆိုင်ရာရာအခကြေးငွေကို တွက်ချက်ရာတွင် နေ့စားအလုပ်သမားများအတွက် အလုပ်ရှင်နှင့် သဘောတူညီထားသည့် တစ်နေ့လုပ်ခနှုန်းဖြင့်လည်းကောင်း၊ ပုတ်ပြတ်အလုပ်သမားများအတွက် ဆေးလက်မှတ်ခွင့်ရက်မတိုင်မီ တစ်ဆက်တည်းဖြစ်သော ရက်ပေါင်း ၃၀ အတွင်းရရှိသော လုပ်ခစုစုပေါင်းကို အမှန်တကယ်လုပ်ကိုင်ခဲ့သည့် အလုပ်ဆင်းရက်ပေါင်းဖြင့် စား၍ရရှိသော တစ်ရက်ပျမ်းမျှလုပ်ခနှုန်းဖြင့်လည်းကောင်း တွက်ချက်ရမည်။

လူမှုဖူလုံရေး အာမခံစနစ်အရ ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်း

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၃။(ခ)မကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ် တင်ပြနိုင်ပြီး အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်း သို့မဟုတ် ဝင်ငွေရပ်စဲခြင်းဖြစ်လျှင် အလုပ်မလုပ်နိုင်သည့်ကာလအတွက် ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ လွန်ခဲ့သော လေးလအတွင်း ပျမ်းမျှလုပ်ခ၏ ၆၀ ရာခိုင်နှုန်းကို မကျန်းမာမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အဖြစ် ရက်သတ္တပတ် ၂၆ ပတ်အထိ ခံစားခွင့်ရှိသည်။

ဆေးလက်မှတ်ခွင့်ရက်ကာလအတွင်း အခကြေးငွေ သို့မဟုတ် လစာငွေကို ရက်သတ္တပတ်စဥ်ပေးရန် တောင်းဆိုလျှင် ပေးရခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၆။(၄)ဆေးလက်မှတ်ခွင့်ရက်ရသော အလုပ်သမားသည် ခွင့်ရက်နှင့်နေ့သည့် ကာလအပိုင်းအခြားအတွင်းတွင် သက်ဆိုင်ရာရာ မိမိရထိုက်ခွင့်ရှိသော အခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ရက်သတ္တပတ်စဥ်ပေးရန် တောင်းဆိုလျှင် တောင်းဆိုသည့်အတိုင်း ပေးရမည်။ အဆိုပါအခကြေးငွေကိုဖြစ်စေ၊ လစာငွေကိုဖြစ်စေ၊ ထုတ်ပေးမြဲအရပ်၌ အလုပ်သမားအားလည်းကောင်း၊ အလုပ်သမားက လွှဲအပ်ထားသည့် ကိုယ်စားလှယ်အားသော်လည်းကောင်း ထုတ်ပေးရမည်။

ရက်ရှည်အလုပ်ပိတ်ရက်ကာလအတွင်း နာမကျန်းဖြစ်ခြင်းအတွက် ဆေးလက်မှတ်ခွင့်မရခြင်း

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ
၄၄။ရက်ရှည်အလုပ်ပိတ်ထားသော ကာလများအတွင်း နာမကျန်းဖြစ်မှုအတွက် ဆေးလက်မှတ်ခွင့်ရက် တင်ပြတောင်းခံရန်မလိုအပ်ပါ။

သက်ဆိုင်ရာနှစ်အတွင်းမယူလျှင် ပျက်ပြယ်ခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၆။(၅)အလုပ်သမားသည် မိမိရထိုက်သော ဆေးလက်မှတ်ခွင့်ရက်ကို သက်ဆိုင်ရာနှစ်အတွင်း မယူလျှင် ထိုခွင့်ရက်ကို ပျက်ပြယ်စေရမည်။

ဆေးလက်မှတ်ခွင့်ရက်နှင့် အခြားခွင့်ရက်ပေါင်းခြင်း

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၇။ပုဒ်မ ၆ ၏ ပုဒ်မခွဲ (၅) ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဆေးလက်မှတ်ခွင့်ရက်ကို လုပ်သက်ခွင့်ရက်နှင့် တစ်ဆက်တည်းခွင့်ပြုနိုင်သည်။
၇-က။ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။

လူမှုဖူလုံရေး အာမခံစနစ်အရ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးအခံစားခွင့်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၁။(က)(၁)ကိုယ်တိုင် မည်သည့်အကြောင်းကြောင့်မဆို မကျန်းမာမှုအတွက် ရောဂါအမျိုးအစားကို အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်၊ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးအခံစားခွင့်

ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်၊ ဆေးရုံဆေးခန်းနှင့် ကုန်ကျစရိတ်

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ
၂၂။(က)ခွင့်ပြုထားသည့် ဆေးရုံ၊ ဆေးခန်း၌ ဆေးစတင်ကုသသည့်နေ့မှ ရက်သတ္တပတ် ၂၆ ပတ်အထိ ဆေးကုသမှုခံယူခွင့်ရှိသည်။ သို့ရာတွင် ထပ်တလဲလဲမကျန်းမာမှု၊ နာတာရှည်ရောဂါနှင့် ရောဂါတစ်မျိုးထက်ပို၍ ဖြစ်ပွားမှု သို့မဟုတ် အထူးအရေးကြီးသော မကျန်းမာမှုအတွက် ရက်သတ္တပတ် ၅၂ ပတ် သို့မဟုတ် လူမှုဖူလုံရေးအဖွဲ့က သီးခြားသတ်မှတ်ပေးသည့် ကာလအထိ ဆေးကုသမှုခံယူခွင့်ရှိသည်။
(ခ)လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ယင်းအဖွဲ့နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံတော်ပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ အလုပ်ရှင်က စီမံထားရှိသော ဆေးရုံ၊ ဆေးခန်းများတွင်လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုခံယူခွင့်နှင့် ဆေးကုသမှုခံယူခွင့်ရှိသည်။
(ဃ)ပုဒ်မ ၂၁ နှင့် ဤပုဒ်မတို့အရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုခံယူရာတွင် ကုန်ကျစရိတ်များနှင့် စပ်လျဥ်း၍ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေမှ သတ်မှတ်ချက်များနှင့်အညီ ခံစားပိုင်ခွင့်ရှိသည်။
 

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Categories   •  Legal  •  Labor Law
Tags   •  Medical Leave  •  Sick Leave  •  Leave and Holiday