keyboard_arrow_up

ခွင့်ရက်နှင့် အလုပ်ပိတ်ရက်

expand_circle_right

ဤစာမျက်နှာတွင် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဥပဒေနှင့် နည်းဥပဒေများပါ ပြဌာန်းချက်များကို ပေါင်းစည်းဖော်ပြထားသည်။ သို့သော် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အမျိုးအစား တစ်မျိုးချင်းစီအတွက် သီးခြားစာမျက်နှာတစ်ခုစီ ခွဲထုတ်ဖော်ပြထားသည်။

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ

၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်အမှတ် ၃၀

အဓိပ္ပါယ်ဖော်ပြချက်များ

၂။ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင် -
(၁)နေ့ သို့တည်းမဟုတ် ရက် ဆိုသည်မှာ ညဥ့်သန်းခေါင်အချိန်မှစ၍ ရေတွက်သည့် နှစ်ဆယ့်လေးနာရီကာလအပိုင်းအခြားကို ဆိုလိုသည်။
(၂)ခွင့်ရက် ဆိုရာတွင် လုပ်သက်ခွင့်ရက်၊ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက် တို့ပါဝင်သည်။
(၃)လုပ်သက်ခွင့်ရက် ဆိုသည်မှာ အလုပ်လုပ်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း၊ တာဝန်ဝတ္တရားဆောင်ရွက်ခဲ့သည့် ကာလအပိုင်းအခြားအတွက်သော်လည်းကောင်း ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုလိုသည်။
(၄)အလုပ်သမား ဆိုသည်မှာ နေ့စားအလုပ်သမား၊ ယာယီအလုပ်သမားနှင့် အမြဲတမ်းအလုပ်သမား အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းအတွက်ဖြစ်စေ မိမိ၏လုပ်အားအပေါ် အားကိုအားထားပြုလုပ်ကိုင်နေသူကို ဆိုလိုသည်။ သို့ရာတွင် အောက်ပါတို့ မပါဝင်ချေ။
(က)ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်စက်မှုလက်မှုလုပ်ငန်း၊ သို့မဟုတ် စီးပွားရေးလုပ်ငန်း၊ သို့မဟုတ် ကိုယ်ပိုင်အလုပ်ဌာနလုပ်နေသည့် အလုပ်ရှင်ဖြစ်လျှင် ထိုအလုပ်ရှင်၏ မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ ညီအစ်ကို (အရင်း)၊ ညီအစ်မ (အရင်း)နှင့် မောင်နှမအရင်းများ
(ခ)အလုပ်ကဖြစ်စေ၊ စက်မှုလက်မှုလုပ်ငန်းကဖြစ်စေ သို့မဟုတ် စီးပွားရေးလုပ်ငန်းကဖြစ်စေ၊ အလုပ်ဌာနကဖြစ်စေ ရရှိသော အမြတ်အစွန်းထဲမှ အခကြေးငွေကို မိမိ၏ဝေစုအဖြစ်ဖြင့် ရရှိသူများ
(ဂ)ထမင်းချက်၊ အိမ်သန့်ရှင်းရေး၊ ကလေးထိန်းနှင့် အစောင့်
(ဃ)တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အကြောင်းအားလျော်စွာ အခကြေးငွေနှင့် သော်လည်းကောင်း၊ လစာငွေနှင့်သော်လည်းကောင်း ပေးရန်ပြဌာန်းထားသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များရရှိသော နိုင်ငံ့ဝန်ထမ်းများ
(၅)အလုပ်ရှင် ဆိုသည်တွင် ကျနစွာဖွဲ့စည်းသည့် သို့တည်းမဟုတ် မဖွဲ့စည်းသည့် ပုဂ္ဂိုလ်တစ်စုနှင့် အလုပ်ရှင်၏ အုပ်ချုပ်မှုကိုယ်စားလှယ်ပါဝင်သည့်အပြင် ကွယ်လွန်သူအလုပ်ရှင်၏ တရားဝင်ကိုယ်စားလှယ်လည်း ပါဝင်သည်။
(၆)လစာငွေ ဆိုသည်မျာ အခြေခံလစာကို ဆိုလိုသည်။ ရှားပါးစရိတ်ရှိလျှင် အခြေခံလစာငွေနှင့် ရှားပါစရိတ် နှစ်ရပ်ပေါင်းကို ဆိုလိုသည်။
(၇)မှတ်ပုံတင်ဆရာဝန် ဆိုသည်မှာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေအရဖြစ်စေ၊ ဆရာဝန်များ၏ မှတ်ပုံတင်စာရင်းထားရှိရေးအတွက် ပြဌာန်းသည့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ မှတ်ပုံတင်ထားသူကို ဆိုလိုသည့်အပြင် ထိုကဲ့သို့ မှတ်ပုံတင်ဆရာဝန်မရှိသည့် အရပ်ဒေသတစ်ခုခုအတွက် ဤအက်ဥပဒေအလို့ငှာ မှတ်ပုံတင်ဆရာဝန်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမိန့်ကြော်ငြာစာဖြင့် ပြဌာန်းသူသည်လည်း ထိုစကားရပ်တွင် ပါဝင်သည်။
(၈)အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်တို့ကို ဆိုသည်။
(၉)အခကြေးငွေ ဆိုသည်မှာ အခကြေးငွေပေးချေရေးအက်ဥပဒေ၊ ပုဒ်မ ၂ (၆) တွင် အဓိပ္ပါယ်ဖော်ပြထားသည့် အခကြေးငွေကို ဆိုလိုသည်။

ခွင့်ရက်ကို ပေါင်း၍ဖြစ်စေ၊ ဆက်၍ဖြစ်စေ ပေးခြင်း

၇။ပုဒ်မ ၆ ၏ ပုဒ်မခွဲ (၅) ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ဆေးလက်မှတ်ခွင့်ရက်ကို လုပ်သက်ခွင့်ရက်နှင့် တစ်ဆက်တည်း ခွင့်ပြုနိုင်သည်။
၇-က။ကိုယ်ဝန်ဆောင် အမျိုးသမီးအလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ်ခြောက်ပါတ်နှင့် မီးဖွားပြီး ရက်သတ္တပတ်ရှစ်ပတ်ကို သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ မီးဖွားခွင့်ရက်အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ပြုနိုင်သည်။

တဆက်တည်း ဆယ့်နှစ်လမလုပ်ရသည့် အလုပ်နှင့်စပ်လျဥ်းသည့် ခွင့်ရက်

၈။ပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တွင် မည်သို့ပင်ဆိုစေကာမူ ဆယ့်နှစ်လပတ်လုံး တစ်ဆက်တည်းမလုပ်ရသည့် အလုပ်တစ်ခုခုတွင်ဖြစ်စေ၊ စက်မှုလုပ်ငန်းတစ်ခုခုတွင်ဖြစ်စေ၊ အလုပ်ဌာနတစ်ခုခုတွင်ဖြစ်စေ လုပ်သည့် အလုပ်သမားသည် လုပ်သက်ခွင့်ရက်ကို သို့တည်းမဟုတ် ရှောင်တခင်ခွင့်ရက်ကို သို့တည်းမဟုတ် ဆေးလက်မှတ်ခွင့်ရက်ကို မိမိလုပ်သက်၏ အချိုးကျအတိုင်း ရနိုင်စေရမည်။

ခွင့်ရက်၊ အလုပ်ပိတ်ရက်နှင့် စပ်လျဥ်းသည့် သဘောတူစာချုပ် ပျက်ပြယ်ခြင်း

၉။ဤအက်ဥပဒေတွင် ပြဌာန်းထားသည့်အောက် အကျိုးယုတ်လျော့သော စည်းကမ်းချက်များဖြင့် ခွင့်ရက်ကိုဖြစ်စေ၊ အလုပ်ပိတ်ရက်ကိုဖြစ်စေ ယူရန် အလုပ်သမားကချုပ်ဆိုသည့် အလုပ်သဘောတူစာချုပ်သည် သို့တည်းမဟုတ် အလုပ်ပဋိညာဥ်စာချုပ်သည် အလုပ်ရှင်၏ တာဝန်ကို ယုတ်လျော့စေသည့် သဘောသက်ရောက်သည်နှင့်အမျှ ပျက်ပြယ်ရမည်။

ကင်းလွတ်ချက်များ

၁၀။(၁)အလုပ်တွင်သော်လည်းကောင်း၊ စက်မှုလုပ်ငန်းတွင်သော်လည်းကောင်း၊ အလုပ်ဌာနတွင်သော်လည်းကောင်း ပိုင်ရှင်အပြောင်းအလဲ မည်သို့ပင်ရှိစေကာမူ ထိုအကြောင်းအလဲကြောင့် ဤအက်ဥပဒေအရ အလုပ်သမားရထိုက်သော အခွင့်အရေးများကို မထိခိုက်စေရ။
(၂)သက်ဆိုင်ရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ ရသည့်ခွင့်ရက်နှင့် သို့တည်းမဟုတ် အလုပ်ပိတ်ရက်နှင့်စပ်လျဥ်း၍ ဤအက်ဥပဒေတွင် ပြဌာန်းထားသည်ထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေးများထားရှိသော အခြားဥပဒေအရဖြစ်စေ၊ အဆုံးအဖြတ်၏ သို့တည်းမဟုတ် အလုပ်သဘောတူစာချုပ်၏ သို့တည်းမဟုတ် အလုပ်ပဋိညာဥ်စာချုပ်၏ စည်းကမ်းချက်များအရဖြစ်စေ၊ ထုံးစံဓလေ့အရဖြစ်စေ၊ အလုပ်သမားခံစားခွင့်ရှိသော အခွင့်အရေးများကို ဤအက်ဥပဒေပါ ပြဌာန်းချက်တစ်ခုခုကြောင့် မနစ်နာစေရ။

ပြစ်မှုများကိုအရေးယူခြင်း

၁၆။(၁)ဤအက်ဥပဒေပါ ပြဌာန်းချက်အရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေပါ ပြဌာန်းချက်အရဖြစ်စေ၊ ပြစ်ဒဏ်ပေးနိုင်သည့် ပြစ်မှုတစ်ခုခုအတွက် စစ်ဆေးရေးအရာရှိမှတပါး သို့တည်းမဟုတ် စစ်ဆေးရေးအရာရှိ၏ စာဖြင့်ပေးသော ကြိုတင်အခွင့်အမိန့်ကို ရရှိသောသူမှတပါး အခြားမည်သူမျှ တရားစွဲဆိုခြင်းမပြုရ။
(၂)ဤအက်ဥပဒေပါ ပြဌာန်းချက်အရဖြစ်စေ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေပါ ပြဌာန်းချက်အရဖြစ်စေ၊ ပြစ်မှုကို ပဌမတန်းအာဏာရ တရားသူကြီးရုံးအောက် နိမ့်သော မည်သည့်တရားရုံးကမျှ မစစ်ဆေးရ။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၁၈
၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်

အခန်း (၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၂။ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည့်အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။
......
(င)ရက်သတ္တပတ် ဆိုသည်မှာ စနေနေ့ ညဥ့်သန်းခေါင်အချိန်မှ စတင်ရေတွက်သော တစ်ဆက်တည်း ခုနှစ်ရက်ကာလအပိုင်းအခြားကို ဆိုသည်။
(စ)သက်ဆိုင်ရာနှစ် ဆိုသည်မှာ ဥပဒေအရ အလုပ်သမားရထိုက်ခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များ ခံစားခွင့်ရှိသည့်နှစ်ကို ဆိုသည်။
(ဆ)ရှောင်တခင်ခွင့်ရက် ဆိုသည်မှာ မမျှော်လင့်သော ရုတ်တရက်အကြောင်းကိစ္စ ပေါ်ပေါက်ခဲ့လျှင် ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။
(ဇ)ဆေးလက်မှတ်ခွင့်ရက် ဆိုသည်မှာ မမာမကျန်းဖြစ်သည့်အခါ ရထိုက်ခွင့်ရှိသော ခွင့်ရက်ကို ဆိုသည်။
(ဈ)မီးဖွားခွင့်ရက် ဆိုသည်မှာ အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ဆောင်နေစဥ်နှင့် မီးဖွားပြီးချိန်ရထိုက်ခွင့်ရှိသော ခွင့်ရက်ကိုဆိုသည်။ ယင်းစကားရပ်တွင် ပြစ်ဒဏ်ထိုက်သင့်သည့် ကိုယ်ဝန်ပျက်စေခြင်းမဟုတ်သော ကိုယ်ဝန်ပျက်ကျမှုလည်း ပါဝင်သည်။
(ည)ရက်သတ္တပတ်အလုပ်ပိတ်ရက် ဆိုသည်မှာ ရက်သတ္တပတ်လျှင် အနည်းဆုံးတစ်ရက် အနားပေးသည့်ရက်ကို ဆိုသည်။
(ဋ)အများပြည်သူအလုပ်ပိတ်ရက် ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာဖြင့် နှစ်စဥ်ထုတ်ပြန်ကြေညာသည့် အများပြည်သူအလုပ်ပိတ်ရက်များကို ဆိုသည်။
(ဌ)ခွင့်မှတ်တမ်း ဆိုသည်မှာ ခံစားခွင့်ပေးသော ခွင့်အမျိုးအစားအလိုက် ထားရှိရမည့် မှတ်တမ်းကို ဆိုသည်။
(ဍ)သတ်မှတ်အလုပ်ချိန် ဆိုသည်မှာ လုပ်ငန်းအလိုက်သက်ဆိုင်သည့် အလုပ်သမားဥပဒေက အလုပ်သမားအမျိုးအစားအလိုက် ခွင့်ပြုထားသည့် တစ်ရက်ခွင့်ပြုအလုပ်ချိန်၊ ရက်သတ္တပတ်ခွင့်ပြုအလုပ်ချိန်တို့ကို ဆိုသည်။
(ဎ)အခြေခံလစာငွေ ဆိုသည်မှာ ပြက္ခဒိန်လတစ်လတွင် လုပ်ကိုင်ရသည့် အလုပ်တာဝန်နှင့်အညီ ရရှိမည့်လစာငွေကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများစသည့် မည်သည့်စရိတ်မျှ မပါဝင်။
(ဏ)သက်ဆိုင်ရာရာအခကြေးငွေ ဆိုသည်မှာ အလုပ်သမားလုပ်ရမည့် အလုပ်တာဝန်နှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်ကြိုတင် သဘောတူညီထားသော နာရီအလိုက်ရရှိသည့် အခကြေးငွေ သို့မဟုတ် တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် ရရှိသည့်နေ့စားခနှုန်း သို့မဟုတ် ထုတ်လုပ်မှုအရေအတွက်နှင့် ဝန်ဆောင်မှုပမာဏပေါ်မူတည်၍ ရရှိသည့် ပုတ်ပြတ်လုပ်ခတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခ၊ ရှားပါးစရိတ်နှင့် အပိုဆုကြေးငွေများစသည့် မည်သည့်စရိတ်မျှမပါဝင်။
(တ)နေ့စားအလုပ်သမား ဆိုသည်မှာ တစ်ရက်သတ်မှတ်အလုပ်ချိန်အတွက် အလုပ်လုပ်ကိုင်ရပြီး ထိုနေ့အတွက် လုပ်ခကို အလုပ်ရှင်နှင့် သဘောတူညီထားသည့်နှုန်းဖြင့် ရရှိသည့် အလုပ်သမားကိုဆိုသည်။
(ထ)လစားအလုပ်သမား ဆိုသည်မှာ ပြက္ခဒိန်လတစ်လအတွက် ပုံသေလစာသတ်မှတ်လုပ်ကိုင်သည့် အလုပ်သမားကို ဆိုသည်။
(ဒ)ပုတ်ပြတ်အလုပ်သမား ဆိုသည်မှာ ထုတ်လုပ်မှုအရေအတွက် သို့မဟုတ် ဝန်ဆောင်မှုပမာဏပေါ်မူတည်၍ အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ ကြိုတင်သတ်မှတ်ထားသည့် အခကြေးငွေနှုန်းဖြင့် လုပ်ကိုင်ရသည့် အလုပ်သမားကိုဆိုသည်။
(ဓ)လုံခြုံရေးဝန်ထမ်း ဆိုသည်မှာ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနနှင့် လုပ်ငန်းများရှိ အစောင့်လုံခြုံရေးဝန်ထမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဥပဒေပါကိစ္စများအလို့ငှာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နေအိမ်အစောင့်လုံခြုံရေးဝန်ထမ်းများ မပါဝင်။
......

အခန်း (၃)

ခွင့်ခံစားခြင်း

၂၃။အလုပ်သမားသည် ဥပဒေအရ သတ်မှတ်ထားသည့် ခွင့်အမျိုးအစားအလိုက် သတ်မှတ်ကာလအတိုင်း သက်ဆိုင်ရာရာအခကြေးငွေ (သို့မဟုတ်) လစာငွေဖြင့် ခံစားခွင့်ရှိသည်။ သို့သော် လုပ်သက်ခွင့်ရက်ကိုမူ သက်ဆိုင်ရာရာ ပျမ်းမျှအခကြေးငွေနှင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ ခံစားခွင့်ရှိသည်။
၂၄။အလုပ်သမားသည် အလုပ်သင်ကာလနှင့် အစမ်းခန့်ကာလတို့တွင် ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်၊ မီးဖွားခွင့်ရက်တို့ ခံစားခွင့်ရှိသည်။
၂၅။ခွင့်ကာလနှင့်စပ်လျဥ်း၍ ခွင့်ကာလကုန်ဆုံးပြီးနောက် အလုပ်ပြန်လည်ဝင်ရောက်ခြင်းမရှိသည့်ရက်များကို ပျက်ကွက်ရက်အဖြစ် သတ်မှတ်နိုင်သည်။
၂၆။ခွင့်စတင်သည့်နေ့ရက်၏ ရှေ့တွင်ဖြစ်စေ၊ ခွင့်ကုန်ဆုံးသည့်နေ့ရက်၏ နောက်တွင်ဖြစ်စေ အလုပ်ပိတ်ရက်များဖြစ်နေခဲ့လျှင် ထိုအလုပ်ပိတ်ရက်များကို ခွင့်ကာလအဖြစ် ရေတွက်ခြင်းမပြုရ။
၂၇။ခွင့်ခံစားနေစဥ်အတွင်း အလုပ်သမားကို အလုပ်ဌာနနေရာပြောင်းခြင်း၊ ရာထူးအဆင့်လျှော့ချခြင်း၊ လစာလျှော့ချခြင်း သို့မဟုတ် အလုပ်မှထုတ်ပယ်ခြင်း မပြုရ။

အခန်း (၄)

အလုပ်သမား၏ တာဝန်များ

၄၉။အလုပ်သမားသည် -
(က)ခွင့်တိုင်ကြားလျှင် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူတစ်ဦးဦးထံသို့ ပုံစံ (၁) ဖြင့် သာမန်အလုပ်ချိန်အတွင်း တင်ပြရမည်။
(ခ)ခွင့်ရက်ကုန်ဆုံးပြိး အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်သည့်အချိန်တွင် မိမိလုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်နေကြောင်းကို အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူတစ်ဦးဦးထံ ပြန်လည်တင်ပြရမည်။
(ဂ)မိမိခံစားနေစဥ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ မမျှော်မှန်းနိုင်သည့် ဖြစ်ရပ်ကြောင့်သော်လည်းကောင်း၊ မတော်တဆထိခိုက်မှုကြောင့်သော်လည်းကောင်း မိမိရောက်ရှိရာနေရာဒေသမှ အလုပ်ခွင်ရှိရာသို့ ခွင့်ကုန်ဆုံးရက်အမီ ပြန်လာရန်လုံးဝမဖြစ်နိုင်သည့် အခြေအနေတွင် အလုပ်ရှင် သို့မဟုတ် မန်နေဂျာ သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူတစ်ဦးဦးထံ တယ်လီဖုန်းဖြင့်သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်သော်လည်းကောင်း အသိပေး အကြောင်းကြားရမည်။ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ချိန်တွင် ခိုင်လုံသည့် အထောက်အထားတင်ပြရမည်။

အခန်း (၅)

အလုပ်ရှင်၏တာဝန်များ

၅၀။အလုပ်ရှင်သည် -
(က)အလုပ်သမား၏ ရှောင်တခင်ခွင့်ရက်၊ ဆေးလက်မှတ်ခွင့်ရက်နှင့် မီးဖွားခွင့်ရက်တို့ကို သက်ဆိုင်ရာရာအခကြေးငွေနှင့်ဖြစ်စေ၊ လစာငွေနှင့်ဖြစ်စေ လုပ်သက်ခွင့်ရက်ကို သက်ဆိုင်ရာပျမ်းမျှအခကြေးငွေဖြင့်ဖြစ်စေ, ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ ခံစားခွင့်ပြုရမည်။ ရှားပါးစရိတ်ပေးထားလျှင် ထည့်သွင်းခံစားခွင့်ပြုရမည်။
(ခ)အလုပ်သမား၏ လုပ်သက်ခွင့်ရက်ကို ခံစားခွင့်ရှိသည့်နေ့မှစ၍ တစ်ဆယ့်နှစ်လအတွင်း သက်ဆိုင်ရာရာ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ၊ ပျမ်းမျှလစာငွေဖြင့်ဖြစ်စေ ခံစားခွင့်ပြု၍ ရထိုက်ခွင့်ရှိသည့် အခကြေးငွေခံစားခွင့်ကို ခွင့်မခံစားမီ ကြိုတင်ထုတ်ပေးရမည်။
(ဂ)မိမိအလုပ်ဌာနရှိ အလုပ်သမားများ အလှည့်ကျ လုပ်သက်ခွင့်ရက်ခံစားနိုင်ရန် လုပ်သက်ခွင့်ရက်နှင့်သက်ဆိုင်သည့် တစ်ဆယ့်နှစ်လဖြစ်သော ကာလအပိုင်းအခြား၏ နောက်ဆုံးနေ့မှစ၍ သုံးလအတွင်း အလုပ်သမားတစ်ဦးစီ ခံစားခွင့်ရှိသော လုပ်သက်ခွင့်ရက် မည်မျှရရှိကြောင်း တွက်ချက်မှုစာရင်းကို ထုတ်ပြန်ကြေညာရမည့်အပြင် အလုပ်သမားများ လုပ်သက်ခွင့်ရက်ခံစားနိုင်သည့် ကာလအပိုင်းအခြားကိုလည်း သတ်မှတ်ပေးရမည်။
(ဃ)အလုပ်သမားက လုပ်သက်ခွင့်ရက်မခံစားမီ အလုပ်မှနှုတ်ထွက်ခြင်း၊ အလုပ်မှရပ်စဲခံရခြင်း၊ အလုပ်ထုတ်ပစ်ခံရခြင်း၊ သေဆုံးခြင်းဖြစ်လျှင် ရထိုက်ခွင့်ရှိသည့် လုပ်သက်ခွင့်ရက်ကာလအတွက် ခံစားခွင့်များကို ဖြစ်စဥ်ဖြစ်သည့်နေ့မှ အလုပ်ဖွင့်ရက်နှစ်ရက်အတွင်း ငွေကြေးခံစားခွင့်ပေးရမည်။
(င)သေဆုံးသည့်အလုပ်သမား၏ ရထိုက်ခွင့်ရှိသည့် လုပ်သက်ခွင့်ရက် အခကြေးငွေခံစားခွင့်ကို ၎င်း၏ တရားဝင်ကိုယ်စားလှယ်အား ထုတ်ပေးရမည်။
(စ)အကြောင်းတစ်ခုခုကြောင့် လုပ်ငန်းယာယီပိတ်သိမ်းရလျှင်ဖြစ်စေ၊ အပြီးပိတ်သိမ်းရလျှင်ဖြစ်စေ၊ အလုပ်သမားကို လုပ်သက်ခွင့်ရက်ကာလအတွက် ရထိုက်ခွင့်ရှိသည့် အခကြေးငွေခံစားခွင့်ကိုဖြစ်စေ၊ လုပ်ငန်းသဘာဝအရ တစ်ဆက်တည်း တစ်ဆယ့်နှစ်လမလုပ်ရသည့် လုပ်ငန်းများတွင် ရထိုက်ခွင့်ရှိသော လုပ်သက်ခွင့်ရက်ကိုဖြစ်စေ တွက်ချက်ခံစားခွင့်ပြုရမည်။
(ဆ)မီးဖွားခွင့်ရက် သို့မဟုတ် ဆေးလက်မှတ်ခွင့်ရက် ခံစားခြင်းကို အကြောင်းပြု၍ အလုပ်သမားအား လက်ရှိရာထူးအဆင့်မှ လျှော့ချခြင်း၊ လစာလျှော့ချခြင်း၊ အလုပ်ဌာနနေရာ ပြောင်းရွှေ့ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း မပြုရ။
(ဇ)ဤနည်းဥပဒေများအရ သတ်မှတ်သည့်ပုံစံ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့ကို ရေးသားဖြည့်စွက်ပြီး စစ်ဆေးရေးအရာရှိက အချိန်မရွေးစစ်ဆေးနိုင်ရန် အသင့်စီမံထားရှိရမည့်အပြင် တစ်ဆယ့်နှစ်လကာလအထိ သိမ်းဆည်းထားရမည်။
(ဈ)ဥပဒေနှင့်အညီ ရထိုက်ခွင့်ရှိသော အလုပ်သမားများ၏ ခွင့်ခံစားမှုမှတ်တမ်းများကို ပုံစံ (၇) ဖြင့် လစဥ်လဆန်း ခုနှစ်ရက်ထက် နောက်မကျဘဲ စစ်ဆေးရေးအရာရှိထံ ပေးပို့ရမည်။
(ည)လုပ်ငန်းလိုအပ်ချက်အရ အများပြည်သူ အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ကိုင်လိုပါက အလုပ်သမား၏ သဘောဆန္ဒရယူ၍ စစ်ဆေးရေးအရာရှိထံ ပုံစံ (ဂ) ဖြင့် တင်ပြပြီး ခွင့်ပြုချက်ရယူ လုပ်ကိုင်ရမည်။
 

အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်ကို အများအကျိုးရှိစေခြင်းငှာ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာလုံးအကျအပေါက်၊ သတ်ပုံအမှားအယွင်း၊ အဓိပ္ပါယ်လွဲချော်မှုနှင့် update မဖြစ်သည်များ ရှိနိုင်ပါသည်။ တွေ့ရှိပါက ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Categories   •  Legal  •  Labor Law
Tags   •  Leave and Holiday